Saturday, August 30, 2008

ငါလိုအပ်သော သင်ခန်းစာ

အင်္ကျီတစ်ထည် ဖြစ်သွားသည့်အခါ ချည်မျှင်ချည်စများကို မမြင်နိုင်တော့သကဲ့သို့... ဇာတ်လမ်းတစ်ခုအဖြစ် အကွက်ဆင်လိုက်သည့်အခါ တကယ့်အဖြစ်မှန်များကို မသိကြရတော့ပေ။

ပုံပြောကောင်းသူတစ်ဦး သင့်အနားရှိနေသရွေ့ အမှန်တရားများနှင့် သင်ဝေးကွာနေပေလိမ့်မည်။ ပုံပြောကောင်းသူတစ်ဦး သင့်အကြောင်းကို ပြောနေပါက လူအများ သင့်အကြောင်း အမှန်အတိုင်း သိကြရမည်မဟုတ်ချေ။ ပုံပြောကောင်းသူတစ်ဦးနှင့် သင် အဆင်မပြေဖြစ်ပါက သင့်ဘ၀ ဦးတည်ချက်များ တိမ်းစောင်းပျောက်ပျက်ရန် အလားအလာအလွန်ကောင်းနေပေပြီ။

ပုံပြောကောင်းသူသည် အချိန်ကာလတစ်ခု စောင့်ဆိုင်းကြည့်ရှုခဲ့သော အဖြစ်အပျက်များကို တစ်နေ့တွင် ဇာတ်လမ်းလှလှတစ်ပုဒ်အဖြစ် ပြုလုပ်တင်ဆက်ပေလိမ့်မည်။ ထိုအခါ သင်မျှော်လင့်မထားသော ရလဒ်များကို သင် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်။ သင်သည် ဖြစ်ရပ်များကို နောက်ကြောင်းပြန် ခြေရာခံရာတွင် အစွမ်းအစမရှိပါက ထိုဇာတ်လမ်းဖြင့် ဖုံးအုပ်ထားသော အမှန်တရားများကို ပြန်လည်ရယူနိုင်မည်မဟုတ်ချေ။ မည်သူ မည်သည့်အချိန်တွင် မည်သို့ပြုမူမည်ကို သင်မသိနိုင်သဖြင့် အရာရာတိုင်းကို မှတ်သားထားတတ်သော အကျင့်ကောင်းတစ်ခု သင့်မှာ ရှိနေရန် လိုအပ်သည်။

သင်ကိုယ်တိုင် ပုံပြောရန် မကြိုးစားပါနှင့်..။ ပုံပြောတတ်သူများကဲ့သို့ ကုန်ကြမ်းရှာဖွေနေရခြင်း၊ ဇာတ်လမ်းဆင်နေခြင်းဖြင့် သင်၏ အဖိုးတန်အချိန်များကို ရင်းနှီးမြှုပ်နှံမည့်အစား သင် လုပ်ချင်သောအရာများ၊ သင် လုပ်ရန်ရှိသောအရာများကိုသာ တစိုက်မတ်မတ် လုပ်ပါလေ။ သင့်အတွက် ပုံပြင်၏ အဖြစ်မှန်ကို ပြန်လည်ခြေရာခံနိုင်သည့် အစွမ်းရှိရန် ပိုအရေးကြီးပါသည်။ ထို့ကြောင့် .. မေ့လျော့ပေါ့တန် မနေပဲ မှတ်တမ်းမှတ်ရာ ထားတတ်သည့် အကျင့်ကောင်းတစ်ခုကို အထူးသဖြင့် မွေးမြူပါလော့...။