Wednesday, August 22, 2007

ညီမလေး.. သို့

ညီမလေးရေ..
ငါနင့်ကို အိပ်မက်တယ်..။ နိုးလာတော့ နင့်ကိုလွမ်းတယ်၊ စိတ်ပူမိတယ်။ ဘာဖြစ်လို့များ တစ်ယောက်ကိုတစ်ယောက် မမြင်ရတဲ့နေရာကို နင်..သွားခဲ့ပါလိမ့်။ ဘာလို့များ သွားပါ၊ သွားပါလို့ ငါကလည်း..တိုက်တွန်းမိခဲ့ပါလိမ့်။ သေချာတာတစ်ခုကတော့.. ဒါကိုမှမလုပ်လိုက်ရရင် ငါတို့စိတ်ထဲမှာ အဆာမပြေဘဲ တစ်ချိန်လုံး အခဲမကြေဖြစ်နေခဲ့ရမှာကို ငါ ကြောက်မိခဲ့တယ်။ အဓိကအကြောင်းရင်းက အဲဒါပဲ။
နင်မရှိတော့ အိပ်ရာက ပိုကျယ်လာတယ်။ နင့်အ၀တ်အစားတွေ ငါ ယူဝတ်လို့ရလာတယ်။ နင့်ကွန်ပျူတာမှာလည်း ငါအေးဆေး ထိုင်ခွင့်ရတယ်။ တယ်လီဖုန်းမအားမှာလည်း စိတ်မပူရတော့ဘူး။ ဒါပေမယ့် .. နင်ရှိနေတာလောက်တော့ ဘယ်ဟာမှမကောင်းဘူး။ နင့်ကိုပဲ ငါ ပြန်လိုချင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..။ အမှားတွေ လုပ်မိမှာကိုလည်း မကြောက်နဲ့။ ဆုံးရှုံးရမှာကိုလည်း မကြောက်နဲ့။ လူတိုင်း မှားဖူးတယ်.. အမှားကိုသိရင် အမှန်ကို ပိုပြီး ရှာဖွေတတ်လာမယ်။ အောင်မြင်သူတိုင်းလည်း ဆုံးရှုံးမှုကို ကျော်ဖြတ်ခဲ့ရတာချည်းပဲ.. ဆုံးရှုံးဖူးမှ အောင်မြင်ခြင်းရဲ့လမ်းစကို ရှာရပိုလွယ်မယ်။ ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ..နော်။ မှားပြီးရင်းမှား၊ ရှုံးပြီးရင်းရှုံးမဖြစ်ရအောင်သာ ဂရုစိုက်ပေးပါ..ညီမလေးရေ။ ငါက နင့်ဘက်မှာ အမြဲရှိနေပါတယ်..။

No comments: